သိပ်ကြိုက်နှစ်သက်တဲ့သီချင်းတစ်ပုဒ်ပါ။
တေးရေးဆရာစောဘွဲ့မှူးရဲ့သီချင်းကောင်းတစ်ပုဒ်ပါ။ ဒီသီချင်းလေးကိုနားထောင်ရင်းနဲ့အသက်တွေကကြီးလာခဲ့ပြီ။ခုမှတစ်ခါပြန်နားထောင်မိလိုက်တော့ပိုလို့တောင်အနှစ်သာရပြည့်ဝနေသေးတယ်။ကိုယ်တိုင်ကမှန်အောင်ကြိုးစားနေချင်ပေမယ့်လို့ မှားတဲ့ဘက်ကိုပဲရောက်ရောက်သွားခဲ့တယ်လေ။ မကောင်းမှု့ဆိုတာမျိုးကလည်းဆွဲဆောင်မှု့ကောင်းသားမဟုတ်လား။လူသားတစ်ဦးရဲ့မွေးရာပါလိုအင်ဆန္ဒအရပေါ့..ကိုယ်အတွက်ကောင်းမယ်ထင်ရင်တော့ဘာပဲဖြစ်ဖြစ်ရအောင်ကြိုးစားယူချင်တဲ့ဆန္ဒတွေကအတောမသတ်ချင်ဘူး။ဘဝရေစုန်မှာမျောရင်းမျောရင်းနဲ့ပြန်လမ်းမရှိတဲ့ငှက်ကြေမှုံတို့ဘဝနယ်..အပြောကြယ်လှတဲ့ဘဝပင်လယ်ပြင်ထဲမှာ အမှန်တရားဆိုတဲ့ကျွန်းကလေးသာတွေ့ရင် တော့ဒီတစ်ခါတက်ကိုစွန့်ပစ်...လှေကိုနှစ်ပြီး..ဒိုင်ဘင်ပစ်လက်ပြစ်သာကူးသွားလိုက်ချင်တော့တယ်။ငယ်ငယ်တုန်းကညအိပ်ယာဝင်ပြီဆိုရင် အမေကတစ်ခါ ဖေကတစ်လှည့်နဲ့ညတိုင်းလိုလိုပုံပြင်လေးတွေပြောပြကြတယ်။အမေပြောပြတာထက်အဖေပြောပြတာကပိုများပါတယ်။ အမေကတော့သမ္မာကျမ်းစာထဲကအာဒံနဲ့ဧဝအကြောင်းကအစ၊နောဧသင်္ဘေနဲ့ကမ္ဘာကိုရေလွှမ်းမိုးတာတွေကော၊ အီဂျစ်ပြည်ကထွက်ပြေးပြီ၊ ဧဒုံပင်လယ်ကိုနှစ်ချမ်းကွဲအောင်လုပ်ပြီးလွတ်မြောက်လာတဲ့အကြောင်းတွေကောစုံနေတာပဲ။ဂေါလျက်နဲ့ဒါဝိတ်လေးအကြောင်းရေးထားတဲ့သီချင်းကိုအမေကဆိုပြရင် နားထောင်ကောင်းလွန်းလို့ခဏခဏပြန်ပြောခိုင်းရသေးတယ်။ အမေပြောတာတွေကသိပ်ဖွဲ့နွဲ့တာမပါဘူး၊ပြီးတော့အပိုတွေသိပ်မပြောတော့ကျတော်တို့မောင်နှမသုံးယောက်ကအမေပြောရင်သိပ်မကြိုက်ကြဘူး။နောက်အရွယ်ရောက်လို့Sunday School တွေတက်ရင်းနဲမှ အမေကဘာလို့ဖွဲ့နွဲ့ပြီးမပြောသလဲဆိုတာသိလာရတယ်။သမ္မာကျမ်းစာထဲကအကြောင်းအရာတွေမို့အမှားအယွင်းမရှိအောင် ပုံပြောသလိုသာကလေးတွေနားထဲဝင်အောင်သွန်သင်ရင်း နားထဲရိုက်ထဲ့တယ်ဆိုတာပေါ့။ အဖေကတော့အဲ့လိုမဟုတ်ဘူး ဒါဝိတ်လေးကလောက်လွဲနဲ့ပစ်လိုက်လို့ဂေါလျက်ကြီးရဲ့နဖူးမှာကျောက်ခဲမှန်သွားတယ်ဆိုရင်...ကျွန်တော်တို့က..ပါပါး..ဒါဆိုဒါဝိတ်ကလေးကလက်ဖြောင့်တာပေါ့နော...ဂေါလျက်ကြီးကအော်ငိုသေးလား...ထွက်မပြေးဘူးလား..စသည်ဖြင့်ကလေးအတွေးလေးတွေနဲ့မေးသမျှကိုအဖေကတော့အကြိုက်ဆုံးဖြစ်အောင်ပြန်ဖြေပေးနိုင်သူပါ။
ယုန်နဲ့လိပ်အပြေးပြိုင်တဲ့ပုံလေးပြောရင်လည်းတောတွေတောင်တွေနဲ့အပြေးပြိုင်တဲ့လမ်းကြောင်းရာကအစမြင်ရောင်လို့ရအောင်ပြောတတ်သူကအဖေပါ။ပုံပြင်ပြောပြီးရင်တော့ဒီပုံပြင်လေးထဲကယုန်လိုမျိုးစိတ်မမွေးနဲ့..တဘက်သားကိုဘယ်တော့မှအထင်မသေးမိစေနဲ့...လုပ်ရမဲ့အရာကိုတန်ဘိုးထားပြီးတခါတည်းပြီးပြတ်အောင်လုပ်ဖို့တွေ...လိပ်လေးလိုဇွဲရှိတတ်ဖို့ ဘဝကိုအရှုံးမပေးတတ်ဘို့နဲ့လူ့ဘဝရဲ့အဆုံးသတ်အဆုံးအဖြတ်ကလည်းသေတော့မှသာဖြစ်ကြောင်းပုံပြင်ထက်ရှည်တဲ့ဆုံးမစကားတွေကိုပြောလေ့ရှိတယ်။ အဖေကပြောရင်းအာလေးရှာလေးနဲ့အိပ်ပျော်သွားတတ်သလိုကျွန်တော်တို့မောင်နှမတွေကလည်းနားထောင်ရင်းအိပ်ပျော်သွားတတ်ကြတယ်။ ညမိုးချုပ်ရင်ပုံပြင်နားထောင်ရဖို့ကျောင်းစာတွေကိုအရင်ပြီးအောင်လုပ်ရတယ်။ကျွန်တော့ညီလေးကတော့ ည၈နာရီလောက်ဆိုရင် အိပ်ငိုက်တတ်ပြီး စာလည်းမဖတ်နိုင်တော့ဘူး အဖေကဆူရင်လည်းငိုနေတာပဲဆိုတော့နောက်တော့သူ့ကိုpassပေးလိုက်ရတော့တယ်လေ။ ည၈နာရီဆိုသူသွားအိပ်နှင့်ပြီး။စာကျက်ပြီးရင်အဖေ့ကိုနဲနဲနင်းရသေးတယ်ဗျ။ အဖေ့ရဲညာဘက်ခြေသလုံးအထက်နားလေးကအမာရွတ်တစ်ခုရှိတယ်လေ။ကျွန်တော်ကအဖေ့ရဲ့သခေါက်ကြောနားမှာတက်နင်းပြီးအပူထုတ်ပေးနေကျဆိုတော့ အဲဒီအမာရွတ်လေးနားမှာသွားနင်းရတာကိုး။အမာရွတ်လေးကထန်းရွက်ပုံနဲ့တူနေတော့စိတ်ဝင်စားလို့ခုထိကိုမျက်စိထဲကမထွက်ဘူးလေ။အဖေတို့ကျောင်းသားဘဝတုန်းကဘောလုံးကန်ရင်းဒါဏ်ရာရထားတာလို့ပြောတာပဲ။သူရဖူးတဲ့ကြေးတံဆိပ်ပြားတွေပုံစံ၃.၄မျိုးလည်းကျွန်တော့ကိုပြဖူးပါတယ်။ကျတော်သဘောကျလို့သိမ်းထားပေမယ့် အရွယ်ရောက်လို့သွားကြလာကြတော့ ခုဆိုဘယ်မှာကျန်ခဲ့မှန်းတောင်မသိတော့ဘူး။ တခါတလေအဖေကတော့အနင်းခံပြီးအိပ်ပျော်သွားလိုက်တာ ကျတော်ကနင်းပေးနေတုံး..ကြာလာတော့ဟောက်သံထွက်လာတော့မှကျွန်တော်လည်းအဖေအိပ်ပြီးဆိုတာသိလိုက်ရတော့တယ်။အဲဒီလိုမျိုးဆိုကျတော်ကလည်းအောက်ဆင်းချင်တာ နားချင်တာမို့ရုပ်မာလိုက်ရတယ်ပြောမလားပဲ...အဖေ့ပေါင်တွေ၊ခြေသလုံးတွေကိုနဲနဲနာအောင်ချော်နင်းချလိုက်ကော၊ အဖေကနာလို့လန့်နိုးလာတော့မှဆင်းတော့ဆိုမှကျွန်တော်လည်းအိပ်ရတော့တာ။အဲဒီလိုပဲရိုးရိုးသားသားနဲ့နာခံတတ်အောင်ကြိူုးစားပေမဲ့တခါတလေနဲနဲကောက်ကျစ်တတ်တာလည်းသူ့အလိုလိုတတ်လာတာပဲဗျ။ဘယ်သူမှမသင်ပေးလည်းသူများထက်မပိုရင်တောင်မှမလျှော့တဲ့ညာဏ်နီညာဏ်နက်ကတော့ကျတော့်မှာပင်ကိုဗီဇအရကိုရှိထားတယ်ဗျ။ အဖေကသဘောကောင်းသလိုဆုံးမတာလည်းအရမ်းသိမ်မွေ့ပညာပါတယ်။ သူပြောတဲ့စကားတွေတိုင်းမှာ ဥပမာလေးတွေ၊လက်တွေဖြစ်ပျက်တာလေးတွေနဲ့ပြောတတ်လို့ထင်တယ်၊ယခုတိုင်အောင်အမှတ်ရနေစေလောက်တဲ့အမှန်တရားတွေဖြစ်နေတယ်လေ။
မူလတန်းဘဝကတော့အလယ်တန်းကိုအားကျလောက်ဖို့ပဲသိတယ်လေ။အလယ်တန်းရောက်လာတော့လည်းအထက်တန်းကျောင်းသားကြီးဘဝလောက်ကိုသာမက်မောတတ်သေးတယ်။အထက်တန်းရောက်လာတော့တက္ကသိုလ်ကိုကျော်လွန်လို့စီးပွားရေးတွေ၊နိုင်ငံရေးတွေနဲနဲစိတ်ကူးယဉ်တွေးတတ်လာသလိုလက်တွေ့လည်းပုံဖေါ်ချင်လာပြန်ကော။ နားပူမခံနိုင်ဘူး၊ကျောပူသာခံမယ်ဆိုတာမျိုးလေးပေါ့..ခွန်အားဗလလေးကလည်းစီလာတဲ့အရွယ်ဆိုတော့ကိုယ်လုပ်သမျှကိုယ်မှန်သလိုလိုတစောက်ကမ်းလေးကလုပ်ချင်လာပြန်ကော။ဒါမေမဲ့လို့အဖေတို့ရဲ့ဆုံးမမှု့တွေကနားထဲမှာပဲလတ်လတ်ဆတ်ဆတ်ရှိသေးတော့အစွန်းမရောက်သွားလူးလေ။''ရိုးသားတဲ့ဂုဏ်ကစားမကုန်ပါဘူးသားရယ်'' ဆိုတာမျိူးလေးတွေကြောင့်ထင်တယ် အတယ်ပဲပြောပြော ကိုယ့်အရှေ့မှာလူရည်လည်ပါတယ်၊စီးပွားရေးမှာလုပ်စားတတ်ပါတယ်ဆိုတာတွေ တွေ့ရပြန်တော့ကျွန်တော့အတွက်ကတော့လူလိမ်လူကောက်တွေ၊သူများအပေါ်လက်တစ်လုံးခြားနဲ့လိမ်ညာပြီးခေါင်းပုံဖြတ်စားသောက်နေကြတယ်လို့တွေးစရာဖြစ်လာပြန်ကော။တစ်ခါတော့ရပ်ကွက်ဗီဒီယိုရုံတစ်ခုမှာတင်တဲ့မြန်မာဇတ်ကားတစ်ကားကိုကျတော်ကတခြားမြို့မှာကြည့်ဖူးထားတာပေါ့။အဲဒီနေ့ကသူရေးထားတဲ့ကြော်ငြာစာနဲ့ဇတ်လမ်းသဘောနဲ့ကတခြားစီလေ။ လူတွေကရုံပေါက်ဝမှာအလုအရက်ဝင်မလို့ပေါ့။တချိ့ဆိုသစ်သားနဲ့ရိုက်ထားတဲ့ဖင်ထိုင်ခုံအသေးလေးတွေတောင်သယ်လာကြသေးတယ်။အပေါက်ဝမှာကြေငြာနေသူကလည်းတော်တယ်ဗျ။ အပြောကောင်းတယ်ပြောရမလားပဲ၊ ကာရံနဲ့နဘေနဲ့ထပ်အောင်ကိုပြောနိုင်သူဗျ။ကျတော်ကအဲဒီမှာစပြီးတင်းတော့တာပဲ...ကျတော့ကိုဗီဒီယိုလိုက်ပြတဲ့အကိုဝမ်းကွဲတော်သူက အထဲဝင်လေကွာ ဘယ်သူ့ကိုစောင့်မလို့လဲအပေါက်ဝနားမှာရပ်နေတော့ဘယ်ကောင်းမလဲ...ငါပိုက်ဆံရှင်းလိုက်မယ်ပေါ့ ကျတော်ကလည်းဒီဇတ်ကားသာမှန်ရင်ကျွန်တော်ကြည့်ဖူးတယ်..သူပြောသလိုမဟုတ်ပါဘူး..ကောင်းလည်းမကောင်းဘူးစသည်ဖြင့်ဇတ်လမ်းအစမှဇတ်လမ်းအဆုံးထိနဲနဲရှင်းလင်းရေးလုပ်သက်သေထုတ်ချလိုက်တော့တာပေါ့။စကားတောင်မဆုံးနိုင်ဘူး..အကိုဝမ်းကွဲအတင်းဆွဲခေါ်ရာတရွတ်တိုက်ပါသွားတော့တာပဲ။ နောက်မှကျတော်ပြန်သိရတာ အဲဒီညနေတုန်းကပြမယ်ဆိုတဲ့ဗီဒီယိုရုံမှာလူမရှိလို့မပြဖြစ်တော့ဘူးဆိုတာပေါ့။ကျတော့်အကိုတွေကလည်းပြောကြတာပေါ့..အေ..မင်းအဲ့လိုလျှေက်ပြောနေ...တော်ကြာမင်းခေါင်းသူများရိုက်ခွဲလိမ့်မယ်။သူများထမင်းအိုးကိုသွားမခွဲနဲ့လေ..ကိုယ်မကြည့်ချင်လည်းတိတ်တိတ်လေးနေလိုက်ပေါ့...သည်ဖြင့်စုံနေတော့တာပဲ။ဒီလိုနဲ့ပဲရိုးရိုးလုပ်၊ကြိုးစားလုပ်၊လောက်အောင်နေတတ်တဲ့ဘဝနဲ့သွားလာလှုပ်ရှားနေခဲ့တော့တယ်လေ။ဆီကိုင်တဲ့လက်ဆီပေတယ်ဆိုသလိုပေါ့ ဆေးဖိုးကွမ်းဖိုးလေးလောက်ရှာစားတတ်တာကလွဲလို့သူဌေးဖြစ်လောက်အောင်ဘယ်တုံးကမှမကြံစည်တတ်ခဲ့တော့ဘူး။တကယ်တော့စစ်အစိုးရဗိုလ်ချုပ်ကြီးများလက််ထက်တစ်လျှောက်မှာ ချမ်းသာလောက်တဲ့အခွင့်အရေးတွေအကြိမ်ကြိမ်ရရှိခဲ့ဖူးပေမယ့်လို့ ကိုယ့်အလုပ်ရှင်အပေါ်သစ္စာထားတာရယ်၊လက်တစ်လုံးခြားမလုပ်ချင်တာတွေရယ်၊''ရိုးဂုဏ်စားမကုန်ပါဘူးသားရယ်'' ဆိုတာလေးတွေကြောင့်ပဲ..မလုပ်မရှုပ်မပြုတ်နဲ့ပဲအသက်တွေကြီးလာခဲ့ရပါတော့တယ်။
No comments:
Post a Comment